လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က Charlie Puth ဟာ သူ့ရဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း “F**k You, Justin Bieber… ” လို့ အော်ဟစ်ပြီး ဆဲရေးခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Justin Bieber ဟာ ခြောက်နှစ်လုံးလုံး ကြာမြင့်ပြီးတော့မှ Charlie Puth ဆီ ဗွီဒီယိုကောလ် ခေါ်ဆိုကာ မျက်နှာချင်းဆိုင် မေးမြန်းလိုက်ပါတယ်။
Charlie Puth ဟာ ၂၀၁၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်းမှာ Justin Bieber ကို နာမည်တပ်ပြီး အော်ဟစ်ပေါက်ကွဲခဲ့ရာ JB ရဲ့ အမာခံပရိသတ်တွေရဲ့ စိတ်ဆိုးဒေါသထွက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီတုန်းကတော့ Charlie ဟာ JB ရဲ့ အဆက်ဟောင်းဖြစ်တဲ့ Selena Gomez နဲ့အတူ ဖန်တီးထားတဲ့ “We Don’t Talk Anymore” သီချင်းကို စင်ပေါ်မှာ ဖျော်ဖြေနေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို ဖျော်ဖြေနေရင်း တီးလုံးအပိုဒ်အတွင်းမှာပဲ “F**k You, Justin Bieber” လို့ မိုက်ခ်နဲ့ အော်ဆဲခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Charlie ဟာ ပြန်တောင်းပန်ပြီးပြီ ဖြစ်ပေမယ့် ကိစ္စတွေက ဒီမျှနဲ့ မပြီးသွားဘဲ မကြာသေးခင်ကပဲ တဖန်ပြန်ပေါ်လာပါတယ်။
အဲဒါကတော့ မနေ့က ဇန်နဝါရီလ (၃၁)ရက် တနင်္လာနေ့မှာပဲ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ Charlie ဟာ မူလကတော့ The Kid Laroi နဲ့ ဗွီဒီယိုကောလ် ပြောနေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဖြစ်ချင်တော့ The Kid Laroi ဟာ JB နဲ့အတူ ရှိနေပြီး ဖုန်းကို JB ဆီ လွှဲပေးလိုက်ရာက စတင်ပါတယ်။

Charlie ရော၊ JB ရော နှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပြီးတော့မှ တချိန်က ကိစ္စကို ပြန်ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်းကိုတော့ JB က ပြန်ပြီး အစဖော်ခဲ့တာ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်း စင်ပေါ်မှာ ငါ့ကို အော်ဆဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ သေသေချာချာ စကားမပြောဖြစ်ကြသေးဘူးနော် … ” လို့ JB က အစဖော်လိုက်ရာ Charlie ကတော့ ရယ်မောပြီး တုံ့ပြန်လာပါတယ်။
သို့သော်လည်း JB ကတော့ “အမှန်တိုင်းပြောရရင် ဒါက ရယ်စရာမဟုတ်ဘူးလို့ ငါ ထင်တယ်နော် … ” လို့ ရုပ်တည်ကြီးနဲ့ ပြောလိုက်ပါတယ်။ ဒါကိုကြည့်ပြီး Charlie ကတော့ JB တစ်ယောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ်ကြီး စိတ်အနှောင့်အယှက် ဖြစ်နေတယ်လို့ ယူဆသွားပါတယ်။

ဒါကြောင့်လည်း “နေပါဦး … လွန်ခဲ့တဲ့ ခြောက်နှစ်က ဟိုကိစ္စကို မင်း ပြောနေတာလား။ အဲဒါ နောက်တာပါကွာ … ” လို့ Charlie က ပြန်ပြောလိုက်ပါတယ်။ သို့သော်လည်း JB ကတော့ အဲဒီကိစ္စကြီးက သူ့ကို စိတ်မကောင်းဖြစ်စေတယ်လို့ ပြောလိုက်ရာ Charlie တစ်ယောက် ရှုပ်ထွေးသွားဟန် ရှိပါတယ်။
“မင်း အတည်ကြီး မခံစားနဲ့လေ။ အဲဒါ တကယ်မှ မဟုတ်တာ။ ပြောရရင် အဲဒါက လိုတာထက်ပိုပြီး ကြီးထွားသွားတဲ့ကိစ္စပါပဲကွာ … ” လို့ Charlie က ရှင်းပြပါတယ်။ JB ဘက်ကတော့ ဘာကြောင့် အဲဒီလို လုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို မေးမြန်းပါတော့တယ်။
Charlie ကလည်း အဲဒါဟာ တကယ့်ကိစ္စကြီးတစ်ခုကို အရွှန်းဖောက်လိုက်တာမျိုးသာ ဖြစ်ပြီး ထေ့လုံး၊ ငေါ့လုံးအနေနဲ့ ပြောခဲ့တာသာ ဖြစ်ကြောင်း ရှင်းပြလာပါတယ်။ ဒီလိုနဲ့ မသင်္ကာဖြစ်လာတဲ့ Charlie ဟာ “နောက်နေတာ မှတ်လား …” လို့ JB ကို မေးမြန်းရပါတော့တယ်။
View this post on Instagram
ဒီတော့မှသာ တချိန်လုံး ရုပ်တည်ကြီးနဲ့ Charlie ကို ခေါင်းစားနေတဲ့ JB ဟာ အောင့်ထားရတဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဝါးလုံးကွဲ ရယ်ချလိုက်ပါတော့တယ်။ ဒါဟာ တကယ်တော့ ပြီးပြီးသား ကိစ္စတစ်ခု ဖြစ်ပြီး JB အနေနဲ့လည်း တကယ်ကြီး စိတ်ထဲမှာ ထားနေတော့တာ မဟုတ်ပါဘူး။
သို့ပေမယ့် Charlie ကို အရွှန်းဖောက်ပြီး စနောက်ချင်တဲ့အတွက်သာ အခုလို မျက်နှာပူစရာကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးလိုက်ရတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ နှစ်ယောက်စလုံးဟာ ခင်မင်ရင်းစွဲ မပြတ်ဘဲ အေးအေးဆေးဆေးပဲ ရှိနေကြပါတယ်။
Glasgow
Source: hollywoodlife/ Justin Bieber Instagram
Leave a Reply